
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာဝင်း အတွင်းတွင် ထုလုပ်နေသော လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းတော်နေရာ၌ လူ၏ဦးနှောက်ပုံသဏ္ဌာန် ပေါ်ထွက်လာသောကြောင့် လူအများအပြား သွားရောက်ဖူးမြော်လျက် ရှိကြသည်။
ပြီးခဲ့သည့်မေလအတွင်း လေပြင်းတိုက်သဖြင့် လဲကျသွားသည့် ကုက္ကိုပင်ကြီးကို ဘုရားဆင်းတုတော် ထုလုပ်နေခြင်းဖြစ်ပြီး ယင်းသို့ ဆင်းတုတော် ထုလုပ်နေသည့် ကုက္ကိုပင်ကြီး၏ ပင်စည်အတွင်းတွင် ထူးဆန်းစွာ အမြစ်များဝင်ရောက်ဆန်တက်နေကြကာ အမြစ်များက လူဦးနှောက်ပုံ ဖြစ်နေခြင်း ဖြစ်ကြောင်း မျက်မြင်
ကိုယ်တွေ့ ဖူးမြော်ခဲ့ရသူ ပုသိမ်ကြီးမြို့ခံတဦးက ရှင်းပြသည်။
မန္တလေးသားတဦးကလည်း “ကျနော်တို့ကတော့ ဦးနှောက် ပေါ်တယ်ဆိုလို့ သွားတယ်။ တကယ်လည်း ကြည်ညိုစရာကောင်းတယ်။ ပန်းပုထုနေသူတွေကတော့ မကြာခင် ပြီးမယ် ပြောပါတယ်” ဟု ပြောသည်။
အသက် (၆၀) အရွယ်ရှိ ပန်းပုဆရာတဦးက “ဒီအပင်က လွန်ခဲ့တဲ့ မေလတွင်းက လေပြင်းတိုက်တော့ မန္တလေး အောင်မြေသာဇံရပ်၊ ယွန်းဝင်းဓမ္မာရုံဝင်းအတွင်းမှာ လဲကျသွားတဲ့ အပင်ကြီးပဲ။ အနှစ် (၁၀၀) ကျော်လောက်ပြီ။ ထူးဆန်းတာက အမြစ်က မြေကြီးမှာပဲ ရှိရမှာ ဖြစ်ပေမယ့် အခုက အမြစ်တွေအားလုံး အပင်ရဲ့ အတွင်းထဲမှာပဲ ပြန်ဝင်နေကြတယ်။ ဆန်တက်နေကြတဲ့ သဘောပေါ့။ လောကီ သဘောအရတော့ ဒီလိုဖြစ်စဉ်မျိုးကို အကောင်း သဘောပြတယ်။ ဒါ့ကြောင့် လောကီသားတွေအနေနဲ့ အဆောင်လို အသုံးပြုဖို့ကို အားသန်ကြတယ်” ဟု ပြောသည်။
အနှစ် (၃၀) ခန့်  ပန်းပုထု အတွေ့အကြုံရှိသူတဦးက “ဒီလို ကိစ္စမျိုးဆိုတာက သဘာဝအရ ဖြစ်တတ်တယ်။ ဒါပေမယ့် တွေ့ဖို့က ခဲယဉ်းတယ်။ အသက် (၈၀) လောက် လူတွေတောင် ဒီလိုဖြစ်ရပ်မျိုးကို မကြုံဖူးကြဘူး။ ပန်းပုဆရာတွေ ဆိုရင်လည်း ဒီအတိုင်းပါပဲ။ မန္တလေးမှာကတော့ မကြုံဖူးကြတာ အမှန်ပါ” ဟု ပြောသည်။

Keine Kommentare:
Kommentar veröffentlichen